Monday

ဗောဇ္ဈင်္ဂသုတ်တော် - အနက် အဓိပ္ပာယ်

၁။ ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာ ပျောက်ကင်းစေနိုင်၏။ ထကြွ သောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ်ဆုံးမနိုင်၏၊ အရဟတ္တမဂ်၏ အင်္ဂါ အစိတ်အပိုင်းလည်း ဖြစ်ပေ၏။

၂။ သတ္တဝါတို့သည် ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌသိမြင်ကြပါလျှင် ဘဝသုံးပါးမှ ကျွတ်လွတ်ကြရကုန်၏၊ မြတ်ရာသို့လည်းရောက်ကုန်၏။ ပဋိသန္ဓေ နေရသည့်ဘေး၊ အိုရသည့်ဘေး၊ နာရသည့်ဘေး၊ သေရသည့်ဘေးတို့ ကင်း သော နိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏။

၃။ ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးတို့နှင့်သာမက အခြားသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော ဤဗောဇ္ဈင်ပရိတ်တော်ကို စုပေါင်းရွတ်ဆိုကြပါစို့။

၎-၅။ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်းဖြစ်ကုန်သော သတိ၊ ပညာ၊ ဝီရိယ၊ ပီတိ၊ ပဿ      ဒ္ဓိ  ၊  သမာဓိ၊ ဥပေက္ခာ ဤတရားခုနှစ်ဖြာတို့ကို ဗောဇ္ဈင် တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖေါ်ဟောကြားပေ၏။ ထိုဗောဇ္ဈင် ခုနှစ်ပါးကို ပွားများအပ်ကုန်၏။ ထပ်၍ ထပ်၍ ပွားများ အပ်ကုန်၏။
၆။ ဤဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ပွားများသည်ရှိသော် တရားထူး တရား မြတ်တို့ကိုလည်း တိုးတက် သိစေနိုင်သည့် အကျိုးရှိ၏။ ကိလေသာ ငြိမ်းအေး ခြင်း အကျိုးလည်းရှိ၏၊ အရဟတ္တမဂ်ကို ရရှိခြင်း အကျိုးလည်းရှိ၏။ ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေ သတည်း။

၇။ အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခရောက်ရသော ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာ ကဿ      ပ   မထေရ် နှစ်ပါးတို့အား ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ဟောကြားတော်မူခဲ့၏။

၈။ ထိုမထေရ်နှစ်ပါးသည် ဗောဇ္ဈင်တရားတော် ကို လွန်စွာ နှစ်သက်ကြသည့် အတွက် တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်း ခဲ့ရ လေသည်။ ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေ သတည်း။

၉။ အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရ၏၊ ထိုအခါ စုန္ဒမထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဈင်တရားဟောစေပြီး မြတ်စွာဘုရား နာကြားတော်မူသည်။

၁ဝ။ ဗောဇ္ဈင်တရားကို နှစ်လိုတော်မူ၍ ဟောသောခဏမှာပင် အနာရောဂါ ပျောက်ကင်းလေသည်။

၁၁။ မဟာကဿ     ပမထေရ်၊ မဟာမောဂ္ဂလာန်မထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့ ကင်းပျောက်ကြကုန်၏။ မဂ်ဖြင့်ပယ်အပ်သော ကိလေသာ တို့ကဲ့သို့ အနာရောဂါတို့သည် နောက်ထပ် မဖြစ်နိုင်ကြတော့ပေ။ ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား ကျန်းမာချမ်းသာခြင်း ဖြစ်ပါစေသတည်း။

ဗောဇ္ဈင်သုတ် မြန်မာပြန် ပြီး၏။

ဗောဇ္ဈင်သုတ်တော်ကို ဆင်ခြင်ခြင်းအားဖြင့် ရောဂါဆိုးများကို သက်သာလာစေသည်၊ ရောဂါပျောက်ကင်း စေနိုင်သည်၊ ပင်ရင်း ဗောဇ္ဈင်သုတ်သုံးသုတ်ကို တွဲ၍ရွတ်လျှင် ပိုကောင်းသည်။