Tuesday

နတ်ချစ်ဂါထာတော်



တောင်တန်းသာသနာပြု ဆရာတော် ဘုရားကြီး ဦးဥတ္တမသာရ၏ နတ်ချစ်ဂါထာတော်


သကိံ ဒေ၀ မဟာရာဇ
သဗ္ဘိဟောတိ သမာဂမော။
သာနံပါလေတိ သင်္ဂတိ
နာ သဗ္ဘိ ဗဟုသင်္ဂမော။

သဗ္ဘိရေ၀ သမာသေထ
သဗ္ဘိ ကုဗ္ဗထ သန္ထ၀ံ။
သတံ သဒ္ဓမ္မ မညာယ
သေယော ဟောတိ နပါပိယော။

ဇိရန္တိ ဝေ ရာဇရထာ သုစိတ္တာ
အထော သရီရမ္ပိ ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ
သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။

နဘိံ စ ဒူရေ ပထ၀ီ စ ဒူရေ
ပါရံ သမုဒ္ဒဿ           တ ဒါဟု ဒူရေ။
တတော ဟဝေ ဒူရတရံ ၀ဒန္တိ
သတဉ္စ ဓမ္မော အသတဉ္စ ရာဇတိ။


အနက် -

အဆွေတော်မင်းမြတ်၊ သူတော်ကောင်းတို့နှင့် တစ်ကြိမ်တစ်ခါမျှသာလျှင် ပေါင်းဆုံမှီဝဲရခြင်းသည် ဖြစ်၏။
ထိုပေါင်းဆုံခြင်းသည် ထိုအခွင့်ကြုံ ပေါင်းဆုံမှီဝဲရသော သူကို ဘေးရန်မနှောင့် ချမ်းသာရောက်အောင် စောင့်ရှောက်နိုင်ပါပေ၏။ သူယုတ်မာတို့နှင့် ကြိမ်ဖန်များစွာ ပေါင်းဖော်ရသော်လည်း ဘေးရန်မနှောက် ချမ်းသာရောက်အောင် မစောင့်ရှောက်နိုင်ပေ။

အဆွေတော်မင်းမြတ် - ထို့ကြောင့် သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်မှီဝဲ ဆည်းကပ်ရာ၏။
မိတ်ဖွဲ့ကျွမ်းဝင် ချည်းကပ်မှုကို ပြုရာ၏။ ဘုရားစသော သူတော်ကောင်းတို့၏ ဗောဓိပက္ခိယ တရားတို့ကို သိသည်ရှိသော် မြတ်သည် ဖြစ်နိုင်ပေ၏။ သူတော်ကောင်းတရားကိုသိလျှင် ဆုတ်ယုတ်နိမ့်ကျခြင်းသည် မဖြစ်နိင်ပါချေ။

အဆွေတော်မင်းမြတ် ကောင်းစွာ ဆန်းကြယ်ကုန်သော မင်းစီးရထားတို့သည် စင်စစ် ဆွေးမြေ့ပျက်စီးကုန်တတ်၏။ ခန္ဓာကိုယ်သည်လည်း အိုခြင်းသို့ ရောက်ရ၏။ သူတော်ကောင်းတို့၏ နိဗ္ဗာန်တရားသည်ကား အိုခြင်းသို့ မရောက်။
ဘုရား အစရှိသော သူတော်ကောင်းတို့သည် နိဗ္ဗာန် တရားကို စင်စစ် ချီးမွန်းကုန်၏။

မြေပြင်သည် ကောင်းကင်နှင့် ဝေး၏။ သမုဒ္ဒရာ၏ ဟိုဘက်ကမ်းတစ်ဘက်သည် သည်ဘက် ကမ်းတစ်ဘက်အား ဝေးသည်ဟု ဆိုကုန်၏။ ထိုကောင်းကင်နှင့် မြေ၊ သမုဒ္ဒရာ ကမ်းတစ်ဘက်စီ ဝေးသည်ထက် သူတော်ကောင်းတို့၏ တရားသဘောသည်၊
သူတော်မဟုတ် သူယုတ်မာတို့၏ တရားသဘောနှင့် ပို၍ဝေး၏ ဟု ဆိုကုန်လေသတည်း။


[Burmese Buddhist Buddha Burma Pagodas Temples Myanmar Monastery Prayers ဘုရားစာ ရှိခိုး စိတ်ပုတီး ဂါထာ ဘုရားရှိခိုး]

Monday

ဘုရား ဂုဏ်တော် ကိုးပါး အနက် အဓိပ္ပာယ်


၁။ အ-ရဟံ = ကိလေသာကို ပယ်သတ်တော် မူပြီးသော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာ၊ မကောင်းမှု မပြု။ ပူဇော်အထူး ခံထိုက်တော်မူသော မြတ်စွာဘုရား။

၂။ သမ္မာသမ္ဗုဒ္ဓေါ = တရားအပေါင်းကို ဆရာမရှိ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။

၃။ ၀ိဇ္ဇာစရဏ သမ္ပန္နော = ၀ိဇ္ဇာ ၃ ပါး၊ ၀ိဇ္ဇာ ၈ ပါး၊ စရဏ ၁၅ ပါး ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(၀ိဇ္ဇာ ၃ ပါး = ရှေးဘ၀များစွာ မြင်နိုင်ခြင်း၊ နတ်မျက်စိကဲ့သို့ မြင်နိုင်ခြင်း၊ ကိလေသာစင် မဂ်ဖိုလ် ဉာဏ် ရတော်မူခြင်း။)
(၀ိဇ္ဇာ ၈ ပါး = အထက်ပါ ၃ ပါး၊ နတ်မျက်စိကဲ့သို့ ကြားနိုင်ခြင်း၊ အမျိုးမျိုး ဖန်ဆင်းနိုင်ခြင်း၊ စိတ်အလိုရှိတိုင်း ကိုယ်တော်ကို ဖန်ဆင်းနိုင်ခြင်း၊ သူတပါး အကြံအစည်ကို သိနိုင်ခြင်း၊ ရုပ်နာမ် သင်္ခါရ - အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို သိမြင်ခြင်း။)
(စရဏ ၁၅ ပါး = ကုသိုလ်ကံနှင့် အကုသိုလ်ကံတို့ကို ယုံကြည်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုရာ၌ သတိအမှတ်ရှိခြင်း၊ မကောင်းမှုပြုရန် ရှက်ခြင်း၊ မကောင်းမှု ပြုရန် ကြောက်ခြင်း၊ ကုသိုလ်ကောင်းမှု အားထုတ်ခြင်း၊ အကြားအမြင် များခြင်း၊ အရာရာ တတ်သိ လိမ္မာခြင်း၊ သီလလုံစွာ စောင့်ခြင်း၊ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဣနြေ္ဒငါးပါး လုံအောင် ထိန်းခြင်း၊ စားသောက်မှု အတိုင်းအရှည် သိခြင်း၊ နိုးနိုးကြားကြား အိပ်ခြင်း - အအိပ်အနေ နည်းခြင်း၊ ရူပါဝ စရ ပထမဈာန်၊ ဒုတိယ ဈာန်၊ တတိယ ဈာန်၊ စတုတ္ထ ဈာန်)


၎။ သုဂတော = ကောင်းသော စကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား။

၅။ လောက၀ိဒူ = လောက ၃ ပါးကို အကြွင်းမဲ့ သိတော်မူသော မြတ်စွာဘုရား။
(သတ္တလောက = သတ္တ၀ါ အမျိုးမျိုး။ သင်္ခါရလောက = အမြဲမရှိ ပြုပြင်ပြောင်းလဲနေသော တရား။ သြကာသ လောက = သတ္တ၀ါတို့ တည်ရာဘုံဌာန။)

၆။ အနုတ္တရော ပုရိသ ဓမ္မ သာရထိ = ဘုရားရှင်ထက် မြင့်မြတ်သာလွန်သူမရှိ။ လူ နတ် ဗြဟ္မာ တိရိစ္ဆာန် ကြမ်းတို့အား ယဉ်ကျေးအောင် ဆုံးမတော် မူသော မြတ်စွာဘုရား။
(မာရ်နတ်၊ အာဠာဝက ဘီလူး၊ နာဠာဂီရိ ဆင်၊ အင်္ဂုလိမာလ ခိုးသူ၊ စိဉ္ဇမာန မိန်းမယုတ်၊ သစ္စကပရဗိုဇ်၊ နန္ဒောပနန္ဒ နဂါး၊ ဗက ဗြဟ္မာ စသော အောင်ခြင်းရှစ်ပါးနှင့် တကွ ဆုံးမ ခက်သူ အားလုံးကို ဆုံးမတော် မူနိုင်ပါသည်။ )

၇။ သတ္တာဒေ၀ မနုဿနံ = လူ နတ် ဗြဟ္မာ သတ္တ၀ါ အပေါင်းတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။

၈။ ဗုဒ္ဓေါ = သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင်လဲ သိ၊ ဝေနေယျ သတ္တ၀ါတွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား။
(သမ္မာသမ္ဗုဒ္ဓ အရံသစ္စာ ၄ ပါး ကို သိတော်မူသော ဗုဒ္ဓအရ သူတစ်ပါးတို့ကိုလည်း သိစေတော် မူသော ဟူ၍ အရှင် ထေရိန္ဒာ ဘိဝံသ အမိန့်ရှိပါသည်။)
(သစ္စာ ၄ ပါး = ဆင်းရဲခြင်း အမှန်၊ ဆင်းရဲမှု ဖြစ်ကြောင်း အမှန်၊ ဆင်းရဲမှု ချုပ်ငြိမ်းရာ အမှန်၊ နိဗ္ဗာန်သို့ သွားရာ လမ်းကြောင်းအမှန်။)
(မဂ္ဂင် ၈ ပါး = မှန်သော အမြင်ပညာ၊ မှန်သော အကြံ၊ မှန်သော စကားသီလ၊ မှန်သော အလုပ်၊ မှန်သော အသက်မွေးမှု၊ မှန်သော လုံ့လ သမာဓိ၊ မှန်သော အောက်မေ့မှု၊ မှန်သော တည်ကြည်မှု။)


၉။ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရား။
(ဘုန်းတော် ၆ ပါး = စိတ်တော်ကို အစိုးရခြင်း၊ မဂ်လေးပါး ဖိုလ်လေးပါ နိဗ္ဗာန် လောကုတ္တရာ တရား ကိုးပါး သိတော်မူခြင်း၊ အခြွေအရံ ဂုဏ်သတင်း ကျော်ဇောခြင်း၊ ဖူးမျှော်၍ မရောင့်ရဲနိုင်သော ကြည်ညိုဖွယ်ရှိခြင်း၊ အလိုရှိတိုင်း မိမိနှင့် သူတစ်ပါး အကျိုး ပြီးမြောက်စေနိုင်ခြင်း၊ တစ်လောကလုံး အလေး ဂရု ပြုထိုက်သော လွန်ကဲကြီးမြတ်သော ၀ီရိယ ရှိတော်မူခြင်း။)

(ဗုဒ္ဓဘုရားရှင်တွင် အထက် ဂုဏ်တော် ၉ ပါး သာ ရှိ၍ ဂုဏ်တော် ၉ ပါး ဟု သတ်မှတ်ထားခြင်း မဟုတ်ပါ။ မရေတွက်နိုင်သော ဂုဏ်တော်များ ရှိပါသည်။ သို့သော် အကျယ်ကို အကျဉ်းဆိုပါက မြစ်ကြီး ၅ သွယ်၊ မြစ်ငယ် ၅၀၀ သည် မဟာသမုဒ္ဒရာသို့ စီးဝင်ရသကဲ့သို့ ဤ ဂုဏ်တော် ၉ ပါးတွင် အကျုံးဝင်သောကြောင့် ဖြစ်ပါသည်။)

အသင်္ချေယျာ နိနာမာနိ၊ သဂုဏေနမဟေသိနော၊ ဂုဏေဟိ နိဿိတံ နာမံကောကစိန္ဒော ကထိဿထိ။

မြတ်စွာဘုရား ကိုယ်တော်၏ ဂုဏ်ကျေးဇူးတော်ကြောင့် ရအပ်ကုန်သော အမည်တော်တို့သည် မရေမတွက် နိုင်ကုန်သည် ဖြစ်ကုန်၏။ ထိုစကားသည် မှန်၏။ ဂုဏ်တော်၌ အမည်တော်ကို အဘယ်ပညာရှိ သုခမိန်သည် ပြည့်စုံအောင် ဖွင့်ဆိုနိုင်လတ္တံမည်နည်း။

(စန်းသမိန် - အစွမ်းထက် ဂါထာတော်များ။ စာ-၂၀)



[Burmese Buddhist Buddha Burma Pagodas Temples Myanmar Monastery Prayers ဘုရားစာ ရှိခိုး စိတ်ပုတီး ဂါထာ ဘုရားရှိခိုး]

Sunday

ပထ၀ီ ဇယ မန္တာန်



ပထ၀ီ ဗလ သုန္ဒရီ၊ သဗ္ဗညု ဗောဓိ မဏ္ဍလံ၊
အ သ င်္ချေ ယျံ  မာရသေနံ၊ ဇယော ဇယတု မင်္ဂလံ။


အနက်-
မြေထု မခြား ကောင်းမြတ်လွန်မင်း၊ သည်းခံခြင်းရှိသော။
သဗ္ဗညုတဥာဏ် ကြည့်ရာမှန်၍ မြေမွန်ဓိပတိ တုမရှိကြံ့ ခိုင် ဗောဓိမဏ္ဍိုင်၌
သင်္ချာဖွဲ့ယှက် ရေတွက်မရ များလှစွာသော၊ ဗိုက်ရဲမက် လက်နက်စွဲကိုင် တိုက်ဖျက်ချင်းငှာ ချဉ်းကပ်လာသော မာန်စစ်သည် နတ်အပေါင်းကို သဗ္ဗညု တရားလုံးစုံ အကုန်သိတတ် ဘုရားမြတ်သည်၊ ပါရမီရှိန်အဟုန်ကြောင့် မြေ၀သုန်တည်ဟည်းလျက် အောင်ခြင်းကြီး အောင်တော်မူသကဲ့သို့ ၊
ထို့အတူ အကျွန်ုပ်အား အောင်မင်္ဂလာ အပေါင်းတို့သည် ဆောင်လျင် အောင်မြင်ပြီး အောင်ခြင်းကြီး ရရှိပါစေသတည်း။

စန်းသမိန် - အစွမ်းထက် ဂါထာတော်များ (စာ-၆၄)


[Burmese Buddhist Buddha Burma Pagodas Temples Myanmar Monastery Prayers ဘုရားစာ ရှိခိုး စိတ်ပုတီး ဂါထာ ဘုရားရှိခိုး]