ရသေ့ကြီး ဦးခန္တီ၏ လက်စွဲ ဂါထာ (ဘုရားဂုဏ်တော်)
ရသေ့ကြီးဦးခန္တီသည် မြန်မာပြည်သူတို့သာမက နယ်ချဲ့အင်္ဂလိပ်များပင် ကြည်ညိုလေးစားခြင်းခံရသော ပုဂ္ဂိုလ်ထူးဖြစ်၏။ ဦးခန္တီသည် ဗြိတိသျှ ကိုလိုနီခေတ်တွင် မြန်မာပြည်အရပ်ရပ်ရှိ ဘုရားစေတီများ၊ ရုပ်ပွားတော်များ၊ ပြသာဒ်တန်ဆောင်းများ၊ စောင်းတန်းများ၊ အမိုးအကာများ၊ လှေကားများ၊ ဘုရားကိန်းဝပ် စံပယ်ရာ ကျောင်းတော်များ၊ အာရုံခံတန်ဆောင်းများ၊ ဘုရားဖူးဧည့်သည်များ တည်းခိုနေထိုင်ရာ ဇရပ်များ၊ ကျောင်းများ၊ ရေတွင်း၊ ရေကန်များ၊ စသည်တို့ကို အံ့ချီးဖွယ် ဦးဆောင်တည်ဆောက်ခဲ့သူ ဖြစ်သည်။
ဤသာသနာ့အဆောက်အအုံများမှာ ငါးနှစ်ခံ၊ ဆယ်နှစ်ခံ သစ်သားအဆောက်အအုံများ မဟုတ်၊ နှစ်ပေါင်းရာချီ၍ တည်တံ့ခိုင်မြဲစေမည့် အုတ်၊ အင်္ဂတေ၊ သံထည်များဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံများဖြစ်သည်။ ယင်းတို့သည် တန်ဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားလှသည်။ ရသေ့ကြီး ဦးခန္တီကို ပြည်သူတို့က ယုံကြည်လေးစားစွာဖြင့် အလှူငွေများ ထည့်ဝင်သောကြောင့်သာ ဤအဆောက်အအုံတို့ ဆောက်လုပ် နိုင်ခြင်း ဖြစ်သည်။
ရသေ့ကြီးဦးခန္တီ၏ အကြောင်းကို မြန်မာနိုင်ငံရှိ စာပေပညာရှင်များသာမက ပြည်ပစာပေပညာရှင်များကလည်း မှတ်တမ်းတင်ရေးသားဖော်ပြခဲ့ကြသည်။ ရသေ့ကြီးဦးခန္တီသည် ၁၂၂၉-ခုနှစ် ၀ါခေါင်လပြည့်ကျော် ၅-ရက်၊ တနင်္လာနေ့ (ခရစ်နှစ် ၁၈၆၇-ခုနှစ် သြဂုတ်လ ၁၉-ရက်နေ့) တွင် ရမည်းသင်းခရိုင်၊ ရွာသာရွာ၌ ဖွားမြင်ခဲ့သည်။ ရသေ့ကြီးသည် လွတ်လပ်ရေးရပြီး ၁၃၁၀-ပြည့်နှစ် ပြာသိုလ်လပြည့်ကျော် ၁၄-ရက်နေ့ည (၁၉၄၉-ခုနှစ်၊ ဇန်န၀ါရီလ ၂၇-ရက်နေ့) တွင် ပျံလွန်တော်မူခဲ့သည်။ ပျံလွန်တော်မူချိန်တွင် သက်တော် ၈၂-နှစ်အရွယ်ရှိသည်။
ရသေ့ကြီးဦးန္တီကား အနှစ် ၁၀၀-အတွင်း တယောက်ပေါ်ထွန်းရန် မလွယ်ကူသော ရှားပါးသည့် မြန်မာ့သားကောင်းရတနာ ပုဂ္ဂိုလ်ထူးများတွင် တဦးအပါအ၀င်ဖြစ်သည်။ရသေ့ကြီး ဦးခန္တီ လက်စွဲပြု ရွတ်ဆိုသော ဂါထာနှစ်ပုဒ်ရှိသည်ဟု ဆိုကြသည်။ တပုဒ်မှာ ဒိဝါ တပတိ အာဒိစ္စော-အစချီသော ဂါထာဖြစ်သည်။ အခြားတပုဒ်မှာ အောက်ဖော်ပြပါ အရဟံ ဗဟိ အန္တဇယံ သုဂတံ-အစချီသော ဂါထာဖြစ်သည်။ ထိုဂါထာမှာ ဘုရားဂုဏ်တော် ၁၃-ပါးကို ပူဇော်သောဂါထာ ဖြစ်သည်။
ထိုစဉ်က စစ်ကိုင်းမြို့ ပတ္တမြားစေတီ၏ အရှေ့ဘက်တွင် လှေသင်းအတွင်းဝန် ဆောက်လုပ်လှူဒါန်းသော မင်းကျောင်းရှိသည်။ ထိုကျောင်း၌ သီတင်းသုံးတော်မူသော ဒုတိယမင်းကျောင်း ဆရာတော်ကြီးသည် သီလ၊ သမာဓိ၊ ပညနှင့် အထူးပြည့်စုံတော်မူသည်။ ထိုဆရာတော်ကြီးသည် စစ်ကိုင်းမြို့ ၀ါးချက်ရွာတွင်ရှိသောကြောင့် ၀ါးချက်မင်းကျောင်း ဆရာတော်ဟုလည်း အမည်တွင်သည်။
တနေ့တွင် ထိုဆရာတော်ကြီးထံသို့ ရသေ့ကြီး ဦးခန္တီ လာရောက်၍ ၀တ်ပြုပူဇော်သည်။ ထိုအခါ ဆရာတော်ကြီးက-ရသေ့ကြီး၊ ရသေ့ကြီးကား မြန်မာပြည်အရပ်ရပ်မှာရှိသည့် စေတီ၊ ပုထိုး၊ ကျောင်းကန်၊ ဇရပ် တန်ဆောင်းများ ပြိုပျက်နေသည်များကို ပြင်ဆင်မွမ်းမံရာ၌ နာမည်ကြီးလှသည်။ တန်ခိုးလည်း ကြီးသည်ဟု သိရသည်။ ရသေ့ကြီး၏ အစွမ်းသတ္တိကို ယခု ဘုန်းကြီးတွေ့လို မြင်လိုလှသည်။ အစွမ်းသတ္တိကို ပြနိုင်ပါမည်လား-ဟု မိန့်တော်မူသည်။
ထိုအခါ ရသေ့ကြီးက ပြနိုင်ပါသည်ဘုရား၊ တပည့်တော်ကို ၄၅-မိနစ်၊ သို့မဟုတ် တနာရီမျှလောက် အချိန်ပေးပါဘုရား-ဟု လျှောက်ထားသည်။ လျှောက်ထားပြီးနောက် ရသေ့ကြီးသည် ဘုရားကျောင်းဆောင် ရှေ့တွင် သီလဆောက်တည်ပြီး ဂါထာတပုဒ်ကို ရွတ်ဆို၍ ပုတီးစိပ်သည်။ ၄၅-မိနစ်ခန့်ကြာသောအခါ ရသေ့ကြီးသည် ပုတီးစိပ်ရာမှ ထလာသည်။ ဤတွင် ဆရာတော်ကြီးက ရသေ့ကြီး ဘာမှလည်း မထူးခြားပါလား-ဟု မိန့်တော်မူသည်။ ရသေ့ကြီးက မှန်ပါ၊ တနာရီ မပြည့်ခင် ထူးခြားပါလိမ့်မယ်ဘုရား-ဟု လျှောက်သည်။ လျှောက်ပြီးနောက် ၁၀-မိနစ်ခန့်အကြာတွင် ဘုရားဖူးများ ရောက်လာပြီး ရသေ့ကြီးအား ငွေကြေးများ လှူဒါန်းကြသည်။ ရွှေလက်ကောက်၊ ရွှေဆွဲကြိုးများလည်း လှူဒါန်းကြသည်။ ဘုရားဖူးများ ပြန်သွားသောအခါ ရသေ့ကြီးက တပည့်တော်၏ အစွမ်းသတ္တိ ဒါပါပဲဘုရား-ဟု လျှောက်သည်။
ထို့နောက် ရသေ့ကြီးက ဆရာတော်ကြီးလည်း စစ်ကိုင်း ၀ါးချက်မင်းကျောင်းဆရာတော်ကြီးဟု ထင်ရှားပြီး နာမည်ကြီးလှပါသည်။ တန်ခိုးလည်း ကြီးသည်ဟု သိရပါသည်။ ဆရာတော်ကြီး၏ တန်ခိုးအစွမ်းသတ္တိကိုလည်း ယခုမြင်လို တွေ့လိုပါသည်ဘုရား-ဟု လျှောက်သည်၊ဆရာတော်ကြီးက ရသေ့ကြီး မြင်လို၊ တွေ့လိုလျှင် ပြရတာပေါ့။ ရသေ့ကြီးလိုပဲ ၄၅-မိနစ်၊ တနာရီခန့် အချိန်ပေးပါ-ဟု မိန့်ကြားပြီး ဘုရားကျောင်းဆောင်ရှေ့တွင် ဂါထာရွတ်၍ ပုတီးစိပ်သည်။ ၄၅-မိနစ်ခန့်ရှိသောအခါ ပုတီးစိပ်ရာမှ ထလာသည်။ ဤတွင် ရသေ့ကြီးက-ဆရာတော်ဘုရား၊ ဘာမှလည်း မထူးခြားသေးပါလား-ဟုလျှောက်သည်။ရသေ့ကြီး တနာရီမပြည့်သေးဘူးလေ-ဟု ပြန်လည်မိန့်ကြားသည်။ ၁၀-မိနစ်ခန့်ကြာသောအခါ လူသုံးယောက်သည် အထုပ်ကြီးသုံးထုပ် ရွက်ပြီး ကျောင်းသို့လာကာ ဆရာတော်ကြီးအား လှူဒါန်းလေသည်။ အထုပ်များကို ဖြေကြည့်ရာ အထုပ်တထုပ်လျှင် သင်္ကန်း ၃၆-စုံပါရှိ၍ ၃-ထုပ် ပေါင်း သင်္ကန်း ၁၀၈-စုံ ရရှိသည်။ဤတွင် ဆရာတော်ကြီးက ရသေ့ကြီး ဘုန်းကြီးအစွမ်းကတော့ ဒါပါပဲ-ဟု ဆိုလေသည်။
ထို့နောက် ဆရာတော်ကြီးက ရသေ့ကြီး ရွတ်တဲ့ဂါထာက ဘာဂါထာပါလဲဟုမေးရာ အရဟံ ဗဟိအန္တဇယံ သုဂတံ အစရှိသော ဂုဏ်တော် ၁၃ ပါးဂါထာပါဘုရားဟု လျှောက်သည်။ တဖန် ရသေ့ကြီးကလည်း ဆရာတော်ကြီးရွတ်ဆိုတဲ့ ဂါထာကော ဘာဂါထာပါလဲဘုရားဟု လျှောက်သောအခါ ဆရာတော်ကြီးက ရသေ့ကြီးရွတ်တဲ့ ဂုဏ်တော် ၁၃-ပါးဂါထာပဲ-ဟု မိန့်ကြားလေသည်။(ဤဖြစ်ရပ်ကို ဗန်းမော်ဆရာတော်ကြီး အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကုမာရ-က မိန့်ကြားတော်မူခဲ့ပါသည်။)အဆိုပါ ဘုရားဂုဏ်တော် ၁၃-ပါးဂါထာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
( ပါဠိဂါထာ )
အရဟံ ဗဟိအန္တဇယံ သုဂတံ၊
အ မိတံ ၀ိရဇံ လလိတံ အတုလံ။
စရဏံ တိဘ၀ူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။
( မှန်ကန်တိကျစွာ အသံထွက်နည်း)
အရဟံ ဗဟိအန်တဇယံ သုဂတံ၊
အ မိတံ ၀ိရဇံ လလိတံ အတုလံ။
စရဏံ တိ ဘ၀ူပ သမံ ယမကံ၊
သုခ ဒံ သရဏံ ပဏမာ မိ ဇိနံ။
( ဂါထာတော်၏အနက်)
အရဟံ-ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
ဗဟိအန္တဇယံ-အတွင်းအပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရား။
သုဂတံ-ကောင်းသောစကားကို ဟောပြောတတ်သောမြတ်စွာဘုရား။
အမိတံ-မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဝိရဇံ-ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရား။
လလိတံ-တင့်တယ်သပ္ပါယ်တော်မူသော မြတ်စွာဘုရား။
အတုလံ-အတုမရှိသော မြတ်စွာဘုရား။
စရဏံ-အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
တိဘ၀ူပသမံ-ဘုံသုံးပါး၌ ကိလေသာမြူ ငြိမ်းအေးတော်မူသော မြတ်စွာဘုရား။
ယမကံ-ရေမီးအစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
သုခဒံ-ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရား။
သရဏံ-ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရား။
ဇိနံ-မာရ်ငါးပါးကို အောင်တော်မူသော မြတ်စွာဘုရားကို။
ပဏမာမိ-ရှိခိုးပါ၏။
မင်းဉာဏ်ဝေ
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဇူလိုင်လ)
ဘုရားဂုဏ်၏ အစွမ်း
ဒီဂါထာမှာ ဘုရားရှင်၏ အရဟံ အစရှိသော ဂုဏ်တော် ၁၃ ခုကို သီကုံးဖွဲ့စည်းထားသည်၊ ဘုရားရှင်၏ ဂုဏ်တော်ကို လေးလေးနက်နက် အာရုံပြုနိုင်အောင် ရှိခိုးနိုင်အောင် ရှေးဆရာများ သီကုံးထားသည့် ဂါထာတစ်ပုဒ်ဖြစ်သည်။ တကယ်တော့ ဘုရားရှင်ကိုယ်တိုင်က ပါရမီတော်များတွင် ဒါနပရမတ္ထပါရမီတော်ကိုလည်း အထူး ဖြည့်လာခဲ့သည့် ဘုန်းရှင်ကံရှင် ဖြစ်ရကား ဘုန်းကံကြီးမားတော်မူသော ဘုရားရှင်၏ဂုဏ်တော် ပွားသူတိုင်း လိုအင်ဆန္ဒပြည့်ဝသည်၊ သို့သော်လည်း လာဘ်ရဖို့၊ အလိုဆန္ဒတစ်ခု ပြည့်ဝဖို့အတွက်နဲ့တော့ မရွတ်သင့်၊ တကယ့်ကို ရင်ထဲမှာ ဘုရားရှင်၏ ဂုဏ်တော်တွေကို တစ်ခုချင်းစီ အာရုံပြုပြီး ပွားများသင့်သည်၊ ပုတီးစိတ်လိုက စိတ်နိုင်သည်၊ ဘုရားရှိခိုးဂါထာဖြစ်သည်အတွက် အကြိမ်များစွာ ဘုရားရှိခိုးနိုင်သည်၊ စိတ်သည် ဘုရားရှင်၏တန်ခိုး အဖုံဖုံ ဂုဏ်တော်အမျိုးမျိုးတို့ဖြင့် ထုံမွမ်းလျှင် အစွမ်းသတ္တိရှိလာနိုင်သည်၊ထိုသို့ပွားများသည့် အခါတိုင်းမှာ-၁။ အကြိမ်များစွာ (စိရကာလ ဘာဝနာ) ပွားများပါ၊
၂။ နေ့စဉ်အဆက်မပြတ် (နိရန္တရ ဘာဝနာ) ပွားများပါ၊
၃။ အသေးအမွှားပဲဟု ချန်မထားဘဲ အကြွင်းအကျန်မရှိ အကုန် (နိရ၀သေသ ဘာဝနာ) ပွားများပါ၊
၎။ ရိုရိုသေသေ လေးလေးနက်နက် (သက္ကစ္စ ဘာဝနာ) ပွားများပါ၊
၅။ ပျော်ပျော်ရွှင်ရွှင် စိတ်စေတနာ ပါပါ (အဘိရတိ ဘာဝနာ) ပွားများပါ။
ဤ ငါးမျိုးသော ပွားများခြင်းနည်းစနစ်က ဘုရားလောင်း ပါရမီဖြည့်ခဲ့သော နည်းစနစ်ဖြစ်သည်၊ လောကုတ္တရာလိုင်းပဲ ဖြစ်ဖြစ် လောကီရေးရာပဲ ဖြစ်ဖြစ် ဘာပဲလုပ်လုပ် ထို နည်းငါးမျိုးနဲ့ အလုပ်လုပ်ပါက အောင်မြင်ပါလိမ့်မည်။ ဗုဒ္ဓဘာသာ ကလေးတစ်ယောက်က “နမော ဗုဒ္ဓဿ” ဟု ဆိုပြီးမှ ပေးဒိုးလိမ့်ကစားသတဲ့၊ ထိုသို့ ကစားတိုင်းလဲ သူပဲ အနိုင်ရသည်တဲ့၊ ဘုရားလက်ထက်က တကယ့်ဖြစ်ရက်မှန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။
အပါဒါနပါဠိတော်-၁-နှာ-၇၆မှာ ဂါထာလေးတစ်ပုဒ်တွေ့တယ်၊ ဘာဝနာတွေထဲက အကောင်းဆုံး ဘာဝနာဖြစ်တဲ့ ဘုရားဂုဏ်တော်တွေကို ပွားများခြင်းဆိုတဲ့ ဘာဝနာ (ဗုဒ္ဓါနုဿတိ)ကို အထက်ပါနည်းစနစ်အတိုင်း ပွားများပါက လိုအင်ဆန္ဒပြည့်ပါလိမ့်မည်၊ လို-တ-ရ ဖြစ်ပါလိမ့်မည်။
ဘာဝေဟိ ဗုဒ္ဓါနုဿ တိံ၊ ဘာဝနာ န မနုတ္တရံ။ ဣမံ သတိံ ဘာဝယိတွာ၊ ပူရယိဿ တိ မာနသံ။
ထို့ကြောင့် ဘုရားဂုဏ်တော်များကို ဘယ်ဂုဏ်တော်ပဲ ဖြစ်ဖြစ် ဘုရားဂုဏ်တော်နဲ့ပတ်သက်တဲ့ ဘယ်ဂါထာပဲ ဖြစ်ဖြစ် စွဲစွဲမြဲမြဲ နေ့စဉ် ရွတ်ပွား အာရုံပြုနေဖို့ပဲ ဖြစ်ပါသည်၊ အနဲဆုံး လက်တွေ့အနေနဲ့ စိတ်တည်ငြိမ်ပြီး စိတ်ချမ်းသာပါလိမ့်မည်။ ရချင်လိုချင်မှ ထပွားတာမျိုးကတော့ “အခု ရေတွင်းတူး အခု ရေသောက်” ဆိုတာလိုကတော့ ဘယ်ဖြစ်မလဲ၊ ဘာမှ ဖြစ်လာမှ မဟုတ်၊ ၀ိသာခါကျောင်းအမကြီးကတော့ ခလုပ်တိုက်မိတိုင်းတောင် “န မော တဿ ဘဂ၀တော” စသည်ဖြင့် ဘုရားကို ရှိခိုးပြီးသားဖြစ်သွားသည်၊ ဘုရားဂုဏ်တော်ကို အမြဲပွား အမြဲသတိရနေသူတို့၏ အကျင့်ဖြစ်သွားသည်။ ခလုပ်တိုက်မိမှ အမိတ ဆိုတာမျိုးမဖြစ်စေဘဲ နဂိုကထဲက ကိုယ့်သဒ္ဓါ ကိုယ့်စေတနာ အလျောက် ပွားများရမှာ ဖြစ်ပါသည်။ တချို့က အခုလုပ် အခုဖြစ်ဆိုတာမျိုးကိုပဲ လိုချင်သည်၊ အလိုကြီးသည် ဆိုရမည်။
ဘယ်အရာမှ လွယ်လွယ်နဲ့ ရသည်မရှိ။ ရသည့်အရာလဲ တန်ဖိုးရှိလိမ့်မည် မဟုတ်။ ကိုယ်စောင့်တရား လေးပါး ဗုဒ္ဓဂုဏ်တော် (ဗုဒ္ဓါနုဿ တိ ) ကို မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်တတ်သော ကိုယ်စောင့်တရားအနေနဲ့လဲ ပွားများဖို့ရန် ရှေးဆရာတို့ လက်ဆင့်ကမ်း မိန့်ခဲ့သည်။
ထို ကိုယ်စောင့်တရား လေးပါးကား
၁။ ဗုဒ္ဓါနုဿ တိ=ဘုရားဂုဏ်တော်များကို အားရုံပြု ပွားများခြင်း
၂။ မေတ္တာဘာဝနာ= မေတ္တာ ပို့သခြင်း
၃။ အသုဘဘာဝနာ= လောဘ-မာန-ရာဂ ကင်းရေးအတွက် အသုဘပွားများခြင်း
၎။ မရဏဿ တိ = သေခြင်းတရားကို အဖန်ဖန် အမှတ်ရခြင်းဖြင့် ဒေါသ-မာနစသည့် အကုသိုလ်စိတ်များကင်းခြင်း၊ ဘ၀အတွက် အဆင်သင့်ဖြစ်နေခြင်း စသည်အားဖြင့်
ထိုတရား လေးပါးကို နေ့စဉ် ပွားများနေပါက မိမိအတွက် စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ရခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ အန္တရာယ်တွေ အပြင် အခြားသော ဘေးဥပါဒ်တွေကို ငြိမ်းအေးစေနိုင်သည်။ ဗုဒ္ဓါနုဿတိသည် ကမ္မဋ္ဌာန်းတရား အားထုတ်သူတွေအတွက် အာရုံကောင်းတစ်ခုလဲ ဖြစ်သည်။ အပ္ပမာဒ (သတိ)အတွက် အကောင်းဆုံး တရားလဲဖြစ်သည်။
“ဘုရားဖက်တော့ အသက်ရှည် တရားဖက်တော့ အမြတ်ပြေ သံဃာဖက်တော့ အခက်ဝေ”တဲ့။
ဘုရာဖက်၍ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။
တရားဖက်၍ စိတ်ချမ်းသာ အမျက်ပြေကြပါစေ။ သံဃာဖက်၍ အခက်ဝေ တိုးတက် ကြီးပွားကြပါစေ။
လာဘ်ရွှင်ချင်သလား၊ အသက်ရှည်ချင်သလား၊ စိတ်ချမ်းသာချင်သလား၊ စိတ်အကြံတိုင်းအောင် မြင်ချင်သလား၊ ဘုရားဂုဏ်တော်များကို စွဲစွဲမြဲမြဲ ပွားများလေ။
ရွှင်လန်းချမ်းမြေ့ပါစေ သီတဂူစတား
၂၉-၈-၂၀၁၂